(၇) ဆေးရောင်လှလှ ခြယ်ကာသ
ဦးစွာပထမပြောလိုတာက လူတွေမှာ အကြိုက်နှစ်သက်ဆုံးဆိုတဲ့အရောင်နဲ့ လုံးဝမကြိုက်တဲ့အရောင်ရယ်ဆိုပြီးအများအားဖြင့်ရှိတက်ကြပါတယ်။ ဥပမာအာဖြင့် ကုလားလူမျိုးအများစုဟာလိမ္မော်ရောင်၊အရောင်ကြောင်ကြောင်တောက်တောက်တွေကိုကြိုက်နှစ်သက်ကြပြီး၊ တရုပ်လူမျိုးအများစုကတော့ ဘာလုပ်လုပ်အနီရောင်ကို အများဆုံးအသုံးပြုကြပါတယ်။
ဒီတော့ကျွန်တော်တို့ မြန်လာလူမျိုးများဟာ ဘယ်အရောင်ကို အနှစ်သက်ဆုံးလည်း ဖြေပါဆိုပြီး မေးလာရင် အဖြူရောင်လို့ မတိုင်းမဆွဖြေချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာပြည်မှ ကားများရဲ့အရောင်မှာ အဖြူရောင်က၉၀%တွေ့မြင်ရပြီး၊ အမျိုးသားအကျီဖြစ်တဲ့ လည်ကတုံးဟာလည်း အဖြူဖြစ်သလို အရောင်နဲ့ပတ်သတ်လာရင် အဖြူရောင်ကို Crazy ဖြစ်တယ်လို့လည်းထင်မြင်နေမိလို့ပါ။ မြန်မာလူမျိုးတွေဟာ အဖြူရောင်ကို သန့်ရှင်းစင်ကြယ်ခြင်းဆိုတဲ့ခံယူချက်မျိုးနဲ့ အသုံးပြုကြတာများပါတယ်။
တစ်ခြားသူတွေမပြောပါနဲ့ဦး ဒီဇိုင်းဆွဲတဲ့ ဒီဇိုင်နာ ကိုယ်တိုင်မှာ Crazy ဖြစ်တဲ့အရောင်တွေ ရှိတက်ကြပါတယ်။ဒါဟာဒီဇိုင်နာအတွက် ပြုပြင်ယူရမဲ့ကိစ္စပါ။ ဒီဇိုင်နာတစ်ယောက်ဟာ ဘယ်အရောင်ကို ငါကြိုက်လို့သုံးတယ်၊
ဘယ်အရောင်ကတော့ ငါမကြိုက်လို့မသုံးဘူးဆိုပြီး ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ အရောင်တစ်ခုကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဘာအရောင်လာလာ သုံးတက်အောင်လေ့ကျင့်ထားရပါမယ်။ ဒီလိုမှမဟုတ်ရင်ကိုယ်ဆွဲသမျှပုံတွေဟာ ဘယ်လိုပင် အတွေးအခေါ်(Idea)ကောင်းနေပါစေ တစ်ပုံနဲ့တစ်ပုံ ခပ်ဆင်ဆင်တွေဖြစ်ကုန်ပြီး မိမိကြိုက်နှစ်သက်သော ၃ရောင်၎ရောင်ထဲမှ မထွက်ပဲလည်နေပါလိမ့်မယ်။ ဒီတော့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ် အရောင်တွေအကုန်စုံအောင် လျှောက်သုံးပါ။ ဒီလိုသုံးခြင်းအားဖြင့် အစပိုင်းမှာမကြိုက်တဲ့အရောင်တွေကို ကြည့်ပြီးစိတ်ထဲ ခိုးလိုးခုလုဖြစ်နေပေမဲ့ နောက်ပိုင်းမှာမကြိုက်ဘူးဆိုတဲ့ အရောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်လာပါလိမ့်မယ်။
ခုရှင်းပြမည့် အရောင်အကြောင်းကတော့ လွယ်လွယ်ကူကူနဲ့ အရောင်တွေ အသုံးပြုတက်အောင်ရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ကျွန်တော် ဒီဇိုင်းဆွဲလာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ တွေ့ရှိလာတဲ့အရောင်သီအိုရီတစ်ခုကို ချပြမှာဖြစ်ပါတယ်။
ဒါကဘာလည်းဆိုတော့ အမြင်ဆိုင်ရာအနုပညာ(Visual Art)ဖြစ်တဲ့ ဒီဇိုင်းမှာ အရောင်တွေဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်တယ်ဆိုတာလည်း တွေ့ရှိရပါတယ်။ ပုံတစ်ပုံကို မျက်လုံးနဲ့ကြည့်ပြီးမှ ဦးနှောက်နဲ့တွေးကာ ဆုံးဖြတ်ရတော့ မျက်လုံးရဲ့ခံစားမှုကို သရုပ်ခွဲ(analyse)လုပ်ကြည့်မိပါတယ်။
အမြင်တစ်ခုမှာ ရုတ်တရက်ပြောင်းလဲခြင်း(Suddenly) ဆိုတဲ့ခံစားမှု့ကြောင့် သိသာစွာ ကွဲပြားခြားနားခြင်းဆိုတဲ့ ခံစားမှုတွေကိုဖြစ်ပေါ်စေပါတယ်။ တစ်ဆင့်ခြင်း(Step ByStep)ပြောင်းလဲခြင်းမှာတော့ ကွဲပြားခြားနားခြင်းဆိုတဲ့ ခံစားမှုတွေကို အနည်းငယ်သာ ခံစားရတက်ပါတယ်။ ဝေးကွာစွာ ပြောင်းလဲမှုကြောင့် ကွဲပြာခြားနားခြင်းကိုသိသာစေပြီး ဖြည်းညှင်းစွာ ပြောင်းလဲမှုကြောင့် ကွဲပြားခြင်းဆိုသော ခံစားမှုလျှော့ကျစေတာဖြစ်ပါတယ်။
ဥပမာအားဖြင့် ကိန်းဂဏန်းများဖြင့်ရှင်းပြပါမယ်...။
ပထမကိန်းစဉ်တန်း = ၁၊ ၅၊ ၉၊ ၁၃၊ ၁၇ ........ တစ်ခုနှင့်တစ်ခု ကြားတွင်ကိန်း ၃လုံးရှိသည်။
ဒုတိယကိန်းစဉ်တန်း =၁၊ ၃၊ ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊ ၁၅၊ ၁၇ ........ တစ်ခုနှင့်တစ်ခု ကြားတွင်ကိန်း ၁ လုံးရှိသည်။
အထက်ပါကိန်းတန်း ၂ခုကိုလေ့လာကြည့်လျှင် ၁ မှ ၁၇ ကိုရောက်ဖို့ရာ
ပထမကိန်းစဉ်တန်းမှာ ၅၊ ၉၊ ၁၃ စသော ကိန်းသုံးလုံးပဲဖြတ်သန်းရပြီး ကိန်းတစ်ခုနှင့်တစ်ခုကြား ပြောင်းလဲသွားမှု ဝေးကွာပါတယ်။
ဒုတိယကိန်းစဉ်တန်းမှာတော့ ၃၊ ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊ ၁၅ စသော ကိန်းခုနှစ်လုံးဖြတ်သန်းရတဲ့အတွက်ကြောင့် ကိန်းတစ်ခုနှင့်တစ်ခုကြား ပြောင်းလဲသွားမှု မှာသိပ်မသိသာပေ။ သို့သော်လည်း ပြောင်းလဲနေတယ်ဆိုတာတော့ သေချာပါသည်။
အဓိကပြောချင်တာကတော့ ပြောင်းလဲခြင်းကိုအသုံးပြုတဲ့နေရမှာ အောက်မှာပါရှိတဲ့(၁) နှင့် (၂)အပြင် အရောင်ထိန်းချုပ်မှု (၃)ကိုလည်းဂရုပြုလေ့လာသင့်ပြန်ပါတယ်။
(၁) နီးစပ်သောအရောင်များကိုအသုံပြုခြင်းနှင့် ရှာဖွေခြင်း
(၂) အရောင်တစ်ခု၏ အလင်း၊ အမှောင်၊ အနု၊ အရင့်ကိုအသုံးပြုခြင်းနှင့်ရှာဖွေခြင်း
(၃) အပူရောင်ကိုအအေးရောင်နှင့်ထိန်းချုပ်ပြီး၊ အအေးရောင်ကို အပူရောင်ဖြင့် ပြန်လည်ထိန်းချုပ်ခြင်း
အထက်ပါအချက်(၃) ချက်နဲ့ ဒီဇိုင်းတစ်ခုကို အလွယ်ကူဆုံးအရောင်စပ်နိုင်ပါတယ်။
(၁) နီးစပ်သောအရောင်များကိုအသုံပြုခြင်းနှင့် ရှာဖွေခြင်း
အရောင်တစ်ရောင်နှင့်တစ်ရောင်စပ်ဟပ်အသုံးပြုရာမှာ နီးစပ်သောအရောင်များဖြင့်လည်း လိုက်ဖက်မှုရှိအောင်ရွေးခြယ်နိုင်ပါတယ်။
ဥပမာပြောရလျှင်ဖြင့် အနီရောင်နှင့်ပန်းရောင် သည် ကွဲပြားသော်လည်း နီးကပ်မှုရှိနေပြီး
အနီရောင်နှင့် အပြာရောင်မှာတော့ ကြားတွင် ပန်းရောင်အပြင် ခရမ်းရောင်တစ်ရောင်ထပ်ပြီး တိုးလာသောကြောင့်သိသာစွာပြောင်းလဲမှုကို ဖြစ်ပေါ်စေပါသည်။ (ကိန်းစဉ်တန်း သဘောကိုဖော်ပြပါသည်။)
အနီရောင်နှင့် ပန်းရောင်ဆိုတဲ့နေရာမှာ အရောင် ၂ရောင်တည်းလို့ ဆိုနိုင်ပေမဲ့ တကယ်တန်းလက်တွေ့မှာတော့ဒီအရောင်၂ရောင်ကြားမှာ ကွဲပြားခြားနားသော အရောင်များရှိနေပါသေးတယ်။ အနီရောင်မှ ပန်းရောင်ကြားမှာအနီပိုများသောအရောင်နဲ့ ပန်းရောင်ပိုများသောအရောင် ဆိုပြီးအရောင်အများအပြား ရှိနေခြင်းကိုဆိုလိုတာပါ။
ပိုများတယ်လို့ ဆိုတဲ့နေရာမှာလည်း ပါဝင်မှုရာခိုင်နှုန်း(Percentage) ဘယ်လောက်လည်းဆိုတာက အရောင်တွေကိုထပ်မံကွဲလွဲစေပြန်ပါတယ်။
အရောင်တစ်ခု၏ အလင်း၊ အမှောင်၊ အနု၊ အရင့်ကိုအသုံးပြုခြင်းကြောင့်လည်း လိုက်ဖက်ညီသော အရောင်များကိုရရှိစေပါတယ်။ အရောင်တစ်ရောင်မှာ အဖြူနဲ့အမဲ ရောစပ်မှုကြောင့် လင်းသောအရောင်၊ မှောင်သောအရောင် ကိုဖြစ်ပေါ်စေပါတယ်။
ဒီလိုပါပဲ မူလအရောင်ရဲ့ ပါဝင်မှုကြောင့်လည်း အနု၊ အရင့်တွေဖြစ်ပေါ်လာတာပါ။
အနီရောင်ကို ရွေးခြယ်မယ်ဆိုပါစို့ ဒီလိုရွေးခြယ်တဲ့ အခါမှာ အမဲပါဝင်မှုများလာလေလေ အမှောင်ရောင်ဘက်သို့ရောက်လေလေဖြစ်ပြီးကြားမှာ ကြက်သွေးရောင်၊ အညိုရောင်များကို ဖြတ်သန်းရပါတယ်။ နောက်ဆုံးမှာတော့ အမဲရောင်ဆီကို ရောက်ရှိသွားပါတယ်။အဖြူရောင်ပါဝင်မှုများလာသောကြောင့် ပန်းရောင်ဘက်သို့ တဖြည်းတဖြည်း ရောက်ရှိလာပါတယ်။ ဒီလိုပဲအဖြူရောင်ရောစပ်တဲ့အခါမှာ မိတ်ကပ်ရောင်(အသားရောင်)တို့ကို ဖြတ်သန်းပြီးမှ အဖြူရောင်သို့ပြောင်းလဲစေပါတယ်။ မူလအရာင်ပါဝင်လေလေ တောက်ပသောအရောင်ကိုရရှိပြီး ပါဝင်မှု နဲလေလေမှိန်သော (အားပြော့သော)အရောင်ကိုရရှိစေပါတယ်။ ထို့ကြောင့် အရောင်တစ်ရောင်တွင်အဖြူ နှင့်အမဲပါဝင်မှု၊ မူလအရောင်ပါဝင်မှုတို့ကြောင့် ကွဲပြားစေသော ခပ်ဆင်ဆင် အရောင်ကွဲများကို ရရှိစေပါတယ်။
ဒီဇိုင်းတစ်ခုကိုရေးဆွဲရာမှာ ( အနီ၊ အ၀ါ၊ လိမ္မော်၊ ပန်း စသည်ဖြင့်) အပူရောင်များကို အသုံးပြုရန် ရွေးခြယ်ခြင်းအားဖြင့် ထင်းလင်းပြတ်သတ်သားမှု ပွင့်လင်းမှု၊ တက်ကြွမှု စသည်တို့ကိုရရှိစေသော်လည်း ခံစားသူ၏မျက်လုံးမှာ ကြာကြာအကြည့်မခံပါ။ ပုံတစ်ပုံကိုကြာကြာကြည့်မိတဲ့အခါ ပွင့်ထွက်၊ တောက်ပနေသော အရောင်များကြောင့် မျက်စိကို မူးနောက်စေပါတယ်။ အာရုံကိုလည်းရှုပ်ထွေးစေပါတယ်။ ထိုအခါပွင့်ထွက် ပူလောင်နေသော အရောင်များကို ထိန်းချုပ်ဖြေလျှော့ရန်အေးသောအရောင်၊ မှိုင်းသောအရောင်များကို ညှပ်ကာပူလောင်မှုကိုဖြေလျှော့စေနိုင်ပါတယ်။ အပူရောင်များကို အသုံးပြုသလိုပဲ အအေးရောင်များကို အသုံးပြုတဲ့အခါမှာ ပုံတစ်ဟာ တည်ငြိမ်ခြင်း၊ အေးမြခြင်း၊ စသည်တို့ကိုရရှိစေသော်လည်း မှိုင်တွေခြင်း၊ စိတ်ဝင်စားမှုအားနဲခြင်းတို့ကို ဖြစ်ပေါ်စေပြန်ပါတယ်။ ဒီအခါမှာအပူရောင်တွေနဲ့ ဖြည့်စွက်ပြီး ပြန်လည်ထိန်းချုပ်ရမှာပါ။ ဒါကြောင့် တန်ဆေး လွန်ဘေးမဖြစ်ရအောင် အရောင်ထိန်းချုပ်ခြင်းဆိုတဲ့ သဘောကိုလည်းနားလည်ထားမှ ဖြစ်မှာပါ။သို့ပါသော်လည်း ပုံတိုင်းအရောင်ထိန်းချုပ်မှုကို ပြုလုပ်ရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒီဇိုင်နာကိုယ်တိုင်က ကိုယ်ဖန်တီးတဲ့ပုံတစ်ပုံ ဘယ်လိုခံစားစေမှာလည်း၊
ဘယ်လောက်ထိ ခံစားစေမှာလည်း ဆိုတဲ့အပေါ်မှာလည်း မူတည်ပြီး အသုံးချခြင်းအားဖြင့် ခံစားမှုအားကောင်းသော ပုံတစ်ပုံကိုရရှိစေမှာဖြစ်ပါတယ်။ ပူခြင်းအေးခြင်းဆိုတဲ့အပေါ်မှာ ကျွန်တော်အမြင်တစ်ခုကိုတင်ပြရရင် ပူခြင်းသည် အနီရောင်ကြောင့်ဖြစ်ပေါ်လာပြီး၊ အေးခြင်းသည် အပြာရောင်ကြောင့်ဖြစ်ပေါ်လာရတယ်လို့မြင်မိပါတယ်။ အစိမ်းရောင်ဟာ အ၀ါဖက်သန်းသော ဖက်ဖူးရောင်အခြေအနေမှာ ပူတယ်လို့ခံစားပြီး အပြာဘက်ကိုသန်းသောစိမ်းပြာရောင်ဟာ အေးတယ်လို ခံစားရတဲ့အတွက်ကြောင့်လို့ ထင်မြင်မိတာဖြစ်ပါတယ်။
ရွေးချယ်ရာတွင် အလွယ်အကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းတွေဖြစ်တဲ့ အထက်ပါ အချက်၃ချက်ကို လေ့လာခြင်းအားဖြင့် အရောင်ကိုင်တွယ်မှုကို အနည်းငယ် နိုင်နင်းလာမှာ ဖြစ်ပါတယ်။ လုံးဝကျွမ်းကျင်လာရမယ်လို့ မဆိုလိုပါဘူး။တဖြည်းဖြည်း ပြောင်းလဲနေသော အရောင်များကို အသုံးပြုပြီး ပုံဖော်မှုကြောင့်မျက်စိထဲတွင်တွဲစပ်နေသောအရောင်များမှာဆန့်ကျင်မှုမရှိခြင်းပဲဖြစ်ပါတယ်။ထိုသို့မဟုတ်ပဲ ကွဲလွဲမှုသိသာသော အရောင်များကို ကိုင်တွယ်အသုံးပြုသောကြောင့် အကိုင်အတွယ် မကျွမ်းလျှင် မိမိ၏အရောင်ကြောင့်ပဲ ပုံ၏လှပမှုကိုပြန်လည် ဖျက်စီးတက်ပါတယ်။ ပုံရဲ့တန်ဖိုးဟာလည်း ဒီအရောင်တွေကြောင့် ကျဆင်းတက်တာကြောင့် သတိထားကိုင်တွယ်သင့်ပါတယ်။သို့ပါသော်လည်း မိမိဟာ အရောင်ရဲ့သီအိုရီတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ၊ ခံစားမှုတွေ၊ စပ်ဟပ်ပုံတွေကို ကျွမ်းကျင်တဲ့သူဖြစ်ပါက မည်သည့်အရောင်ပင်ဖြစ်ပါစေ ကောင်းစွာထိန်းချုပ်အသုံးပြုနိုင်လို့ပြဿနာရှိမယ်မထင်ပါဘူး။ ထို့ကြောင့် အရောင်အကိုင်အတွယ် မတက်သေးသော ဒီဇိုင်းဝါသနာရှင်များအတွက်ကျွန်တော့် စိတ်ကူးထဲမှ အရာများကိုပုံဖော်ပြီး ရေးသားလိုက်ခြင်းဖြစ်ပါတယ်..........။
အရောင်များဖြင့်လောကကိုအလှဆင်နိုင်ကြပါစေ.............။
No comments:
Post a Comment