Interior designလို့ ပြောလို့ရှိလျင် လူတော်တော်များများက အိမ်အလှဆင်တာပဲလို့ သိကြသည်။
Interior design ဆိုတာ အများ ယုံကြည်သလို အိမ်အလှဆင်တာလို့ ထင်သည့်အထဲမှာ စာဖတ်သူလည်း ပါကောင်းပါပါလိမ့်မည်။
တကယ်တော့
Interior Design ဆိုတာ အများထင်သလို အိမ်အလှဆင်တာ သက်သက်မဟုတ်။ သူ့မှာ
လေးနက်သည့် အဓိပ္ပါယ်တွေ အများကြီး ရှိပါသည်။ တကယ်လို့များ တကယ့် Interior
Designerကို အိမ်အလှဆင်သည့် Home Decorationသမားလို့ သွားခေါ်ကြည့်
လက်ထဲမှာ ရှိသည့် ပစ္စည်းတစ်ခုခုနှင့် ကောက်မပေါက်လျင် ကံကောင်း…..။
Interior designer ဆိုပြီး အိမ်အလှဆင်ဖို့ ဟိုပစ္စည်းလေးရွေးလိုက်
ဟိုအိမ်သုံးပရိဘောဂလေးရွေးလိုက် လုပ်နေသူများကတော့ တကယ်တော့
ဒီဇိုင်နာစစ်စစ်များ မဟုတ်ကြပါဘူး။ သည်လို ပရိဘောဂတွေရွေး အရောင်တွေ
စပ်တာလောက်တော့ လူကြီး မပြောနဲ့ ကလေးလေးတောင်လုပ်တတ်သည်။ ထိုလူတွေကိုတော့
Home Decorator လို့ခေါ်လျင် မမှားပါဘူး။ သူတို့က အိမ်ကို လှအောင်
ဖန်တီးတတ်သူ သက်သက်ပါပဲ။ Interior designer ကျတော့ အိမ်တစ်ခုကို
ဖွဲ့စည်းရာမှာတော့ အခန်းဖွဲ့စည်းမှုတွေ သာမကပါဘူး ထိုအိမ်ကို
အသက်ဝင်လာအောင် ဖန်တီးကြရပါသည်။ ဥပမာ….. အိမ်တစ်ခုကို
ဒီဇိုင်းလုပ်တော့မယ်ဆိုလျင် သာမန်လူတွေလုပ်နေကြ ပန်းအိုးတွေပြင်
ဆေးတွေသုတ် ကောဇောတွေခင်းနဲ့ မရပါဘူး။ စာဖတ်ဝါသနာပါသည့်လူအတွက် သူရဲ့
အိမ်လေးက စာဖတ်ခန်းလေးလို စာကြည့်တိုက်လေးလို ဖြစ်နေရပါမယ်။
နိုက်ကလပ်သွားသည့်သူ ဒါမှမဟုတ် သူငယ်ချင်းတွေ အပေါင်းအသင်းနှင့်
ပျော်ပါးတတ်သည့်သူအတွက် အိမ်ကလေးကို ကလပ်တစ်ခုကို အနားယူစရာ Lounge
တစ်ခုလို ဖန်တီးချင်လျင်ရပါမည်။ နောက်ပြီး ရှေးဟောင်းပစ္စည်းစုသည့်လူအတွက်
သူရဲ့ အိမ်လေးက Museum လေးလို ဖြစ်နေချင်လျင်ရော။ ရနိုင်တာပေါ့။
ထို့ကြောင့် Interior Designer တစ်ယောက်က သူဖန်တီးမယ့် နေရာလေးအတွက် Mood
ခံစားချက် တစ်ခုခုကို အသက်ဝင်အောင် ဖန်တီးတတ်ဖို့ လိုပါသည်။
(အိမ်ဒီဇိုင်းဖန်တီးမှုကို ဥပမာအနေနဲ့ ပြောထားခြင်းပါ။ Interior
designerလုပ်နိုင်တာတွေ အများကြီး ကျယ်ပြန့်ပါသည်။ )
ဒီဇိုင်နာကောင်းတစ်ယောက်က
သူဖန်တီးတော့မည် နေရာတစ်ခုအတွက် ဘက်စုံထောင့်စုံကနေ စဉ်းစားပေးရသည်။
သည်နေရာကို အသုံးပြုနိုင်အောင် ဘယ်လို အသုံးချမလဲ။ အသက်ဝင်လာအောင်
ဘယ်လိုနေရာကနေ ဖန်တီးရမလဲ… စသည့် အခြေခံအချက်တွေကနေ စပြီး စဉ်းစားရ၏။
ဒီဇိုင်နာတွေ လက်သုံးစကား ဖြစ်သည့် Space နေရာဖန်တိးသည့်အခါ သက်မဲ့ သက်ရှိ
အရာဝတ္ထုတွေအပြင် ရနံ့တွေ၊ အတွေ့အထိတွေကလည်း အရေးပါပါသည်။ အဲဒါတွေ
စုပေါင်းမှ ဒီဇိုင်းကောင်းတစ်ခုထွက်လာနိုင်ပါသည်။
သည်နေရာမှာ
ဒီဇိုင်းနဲ့ ပါတ်သက်ပြီး ဆွေးနွေးချင်ပါသည်။ ဒီဇိုင်းဆိုတာ ဘာလဲ။
ဒီဇိုင်းဆိုတာ အနုပညာ တစ်ရပ်လိုပါပဲ။ ဒါပေမယ့် သာမန်အနုပညာတစ်ရပ်တော့
မဟုတ်ပါဘူး။ ဒီဇိုင်နာကောင်းတစ်ယောက်ဟာ
ဒီဇိုင်းကောင်းကောင်းဖန်တီးတတ်ရုံတင်မကပါဘူး သူရဲ့ ဒီဇိုင်းကိုလည်း
ရောင်းတတ်ရပါသည်။ ဥပမာ ….. ပန်းချီဆွဲသည့် အနုပညာရှင်က သူရဲ့ စိတ်ထဲမှာ
ခံစားချက်ရှိသည့် အတိုင်း ပန်းချီကားတစ်ချပ်ကို ဖန်တီးပေမယ့် မည်သူလက်ခံ
လက်မခံ ဂရုစိုက်စရာ မလိုပါဘူး။ ဒါဟာ သူ့ရဲ့ လွတ်လပ်စွာ ဖန်တီးခွင့်ပါပဲ။
ဒါပေမယ့် ဒီဇိုင်နာတစ်ယောက်က လွတ်လပ်စွာ ဖန်တီးခွင့်မရှိပါဘူး။ ဒီဇိုင်းဆိုသည့်အရာက လိုအပ်ချက်တွေမူတည်ပြီး ဖန်တီးရပါသည်။ အလုပ်အပ်သူရဲ့ လိုအပ်ချက်၊ ပတ်ဝန်းကျင်ရဲ့လိုအပ်ချက် စသည့်လိုအပ်ချက်တွေ၏ စည်းမျဉ်းထဲမှာ ဒီဇိုင်းကောင်းတစ်ခုရအောင် ဖန်တီးရသည်။ တနည်းအားဖြင့် ဒီဇိုင်နာဆိုတာ စီးပွားရေးမျက်စိရှိသည့် အနုပညာလူတန်းစားတစ်ရပ်ပါပဲ။
Interior
Designer ကောင်းတစ်ယောက်ဖြစ်ဖို့ အဘက်ဘက်ကလေ့လာထားသင့်ပါသည်။ တကယ်တော့
Interior Design ဆိုတာ ဗိသုကာအောက်က ခွဲထွက်လာသည့် အရာဖြစ်ပေမယ့်
ဗိသုကာပညာရှင်တိုင်းက Interior Designer မဖြစ်လာပါဘူး။ ကျွန်တော် အထက်က
ဆိုခဲ့သည့်အတိုင်း ဒီဇိုင်နာ တစ်ယောက်မှာ အနုပညာအမြင် ရှိရပါမည်။
နောက်ပြီး အဆောက်အဦးတစ်ခုရဲ့ အသေးစိတ်ကျသည့် ဆောက်လုပ်ရေးနှင့်
ပါတ်သက်တာတွေလည်း နားလည်ရပါမည်။ ဆောက်လုပ်ရာမှာ အသုံးပြုသည့် ပစ္စည်းများ
Material ရဲ့ ပါတ်သက်သည့် သဘောသဘာဝ၊ အရောင်အသွေး colour မျက်နှာပြင်သဘာဝ
Texture တွေ နားလည်သင့်ပါသည်။ သည်နေရာမှာ တစ်ခုနားလည်ရမှာက ပစ္စည်းတစ်ခုကို
အသုံးချတတ်ရုံနှင့် မလုံလောက်ပါဘူး။ ထိုပစ္စည်းကို တခြားအရာဝတ္ထုနှင့်
ရောစပ်ပြီး လှပအောင် သုံးတတ်ရပါသေးသည်။
နောက်ထပ်လိုအပ်ချက်ကတော့
ဗဟုသုတပါပဲ။ ဒီဇိုင်နာတစ်ယောက်က ခေတ်ပေါ်ဒီဇိုင်းတွေကို လိုက်မီအောင်
ကြိုးစားရပါသည်။ မတူညီသည့် လူ့အဖွဲ့အစည်းတွေ၏ ယဉ်ကျေးမှုအနုပညာကိုလည်း
လေ့လာထားသင့်ပါသေးသည်။ ခေတ်မီဒီဇိုင်းတွေနှင့် ယဉ်ကျေးမှုတွေကို
ပေါင်းစပ်လိုက်သည့်အခါ ပိုမိုလှပခိုင်မာသည့် ဒီဇိုင်းတစ်ခုကို
ဖန်တီးနိုင်၏။ ဒီဇိုင်နာတွေက စိတ်ကူးကောင်းကောင်းလေးတွေ ရှိတတ်ကြပါသည်။ စိတ်ကူးကောင်းကောင်းရှိရုံနှင့် ဒီဇိုင်နာလို့ ဆိုလို့ မရပြန်ဘူး။
ဒီဇိုင်နာမပြောနဲ့ ကလေးငယ်လေးတွေတောင် စိတ်ကူးကောင်းကောင်းရှိတတ်သည်။
ထိုစိတ်ကူးတွေကို တကယ်ဖြစ်လာအောင် ဖန်တီးနိုင်မှသာ ဒီဇိုင်နာ တစ်ယောက်
ပီသမှာပါ။
နောက်ပြီး ဒီဇိုင်းတစ်ခု ဖန်တီးရာမှာ အရေးကြီးတာက
ဦးတည်ချက် Theme and Concept ရှိရပါမည်။ Concept မရှိသည့် ဒီဇိုင်းတစ်ခုက
အကွပ်မပါသည့် တောင်းလိုပဲ ဖရိုဖရဲနိုင်တတ်ပါသည်။ Concept ကို ရှာရာမှာ
တေးသွားတစ်ခု ဖြစ်ချင်ဖြစ်မည်။ ကဗျာအပိုင်းအစလေး ဖြစ်ချင်ဖြစ်မည်။
ကိုယ်စားနေသည့် ခေါက်ဆွဲခြောက်လေး ဖြစ်ချင်ဖြစ်မည်။ မရေမတွက်နိုင်အောင်
တော်တော်များများ ရှိပါသည်။ ရသည့်Concpet ပေါ်မူတည်ပြိး
ဖန်တီးကြတာများပါသည်။ တကယ်တော့ Interior Designer ကောင်းဖြစ်ဖို့ဆိုတာ
မလွယ်ကူပါဘူး။ တခါတလေ တချို့က ကျွန်တော့်ကို ဒိဇိုင်နာလားလို့ မေးလာလျင်
တော်တော် အဖြေရခက်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဇိုင်းနဲ့
ပါတ်သက်တာတွေ သုံးနှစ်လောက် လုပ်နေပေမယ့် လေ့လာစရာ သင်စရာ အများကြီး
ရှိပါသေးသည်။ အခုလောလောဆယ်တော့ ကျွန်တော် ဒိဇိုင်နာ မဖြစ်သေးပါဘူး။
No comments:
Post a Comment