အနန္တောအနန္တငါးပါးနှင့်တကွ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကိုဦးထိပ်ထားလျှက် ယခုဘလော့ပိုစ်အားပြင်ဆင်ပါသည်။

ပန်းချီ၏အသက်သည်“ပုံစွဲ”ပန်းချီ၏ရသသည်“ဒီဇိုင်း”ပန်းချီ၏အနှစ်သာရသည်“အရောင်”အနုပညာဆိုတာအမှန်တရားမဟုတ်မုသာဝါဒဖြစ်တယ်ဒါပေမယ့် ငါတို့ကိုအမှန်တရားနားလည်လာအောင်သင်ပေးတယ်
Glitter text

Sunday, June 3, 2012

ဒီဇိုင်နာ ပြည်စိုးအောင်၏ ဖက်ရှင်အကြံပေးချက်များ

၁. မိမိအသားအရေနှင့် လိုက်ဖက်သော အရောင်ရွေးချယ်တတ်ဖို့ လိုအပ်ခြင်း
ပထမဦးဆုံး ကိုယ့်ရဲ့ အသားအရေက ဖြူတာလား၊ ညိုတာလား၊ ဝါတာလား၊ မည်းတာ အပေါ်မှာ မူတည်ပြီး ကိုယ်နဲ့ လိုက်ဖက်မယ့် color လေးတွေဆိုတာ ရှိတယ်လေ။
အကယ်၍ သူများဝတ်ထားတဲ့အရောင်ကို ကိုယ်ကကြိုက်ပေမဲ့လည်း ကိုယ်နဲ့လိုက်၏ မလိုက်၏ ဆိုတာရှိတယ်လေ။ အဓိကက ကိုယ့်ရဲ့အသားအရောင်နဲ့ လိုက်ဖက်မှုရှိတဲ့ အရောင်တစ်ခုကို ရွေးချယ်တတ်ဖို့ လိုပါမယ်။
၂. ကိုယ်ခန္ဓာပေါ်မူတည်ပြီး ဒီဇိုင်း ရွေးချယ်ခြင်း
ကိုယ့်ရဲ့ Body Structure နဲ့ လိုက်ဖက်မယ့် ဒီဇိုင်းကိုလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။ ကိုယ်က အရပ်ပုတယ်ဆိုရင် Volume အထက်ကားမယ်တို့ အောက်ကားမယ်တို့ အဲဒါမျိုး အင်္ကျီတွေ မဝတ်သင့်ဘူး။ အရပ်ကြီး ရှည်တယ် ဆိုရင်တော့ ဘယ်အရာမဆို ဝတ်လို့တော့ရတယ်။
ဒါပေမယ့်လည်း အရမ်းကို ခန္ဓာကိုယ်မှာ ကပ်ပြီး အရမ်းပျော့နေတဲ့ အသားတွေ ကိုယ်ခန္ဓာကို ပိုပိန်စေမယ့် ပိတ်စမျိုးတွေ၊ ဒီဇိုင်းမျိုးတွေကို မရွေးသင့်ပါဘူး။
အဓိကက ကိုယ်နဲ့လိုက်၊ မလိုက် အရောင်တစ်ခုကို ကိုယ်က ရေချိုးပြီးကာစပဲ ဖြစ်ဖြစ်၊ ပြင်ဆင်ထားတဲ့အခါမှာပဲဖြစ်ဖြစ် ပိတ်စလေးတစ်ခုကို ကိုယ်နဲ့ မှန်ထဲမှာ ကပ်ကြည့် ကြည့်ပြီးတော့ ကိုယ်နဲ့ လိုက်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားရတယ်ဆိုရင် ဒါကရွေးလို့ ရတယ်ပေါ့။
၃. ကိုယ့်ကိုယ်ကိုယ် confident ရှိဖို့ လိုအပ်ခြင်း
အမျိုးသမီးတစ်ဦး smart ကျဖို့အတွက်က ဟန်အမူအရာနဲ့ ဆိုင်ပါတယ်။ မျက်နှာပေးလေးတွေပေါ့။ သူ့ရဲ့ ဟန်ပန်လေးတွေက relax ဖြစ်နေမယ်။ အချိုးအစား ညီနေမယ်၊ သွက်လက်တက်ကြွနေမယ်ဆိုရင် သူက style ရှိတယ်။ smart ကျတယ်လို့ ပြောလို့ ရတယ်။ ပြီးတော့ လမ်းလျှောက်တဲ့အခါ သူ့ရဲ့ structure က ကုန်းကုန်းကြီးတွေ ဖြစ်မနေဘူး။
လူကြားထဲမှာ ပေါ်လွင်အောင်လို့ သူ့ကိုယ်နေဟန်နဲ့ သူ့ကိုယ်သူ နေနိုင်တယ်ဆိုရင် ဒါ smart ကျတာပေါ့နော်။ အဲဒီ smart ကျဖို့ဆိုလို့ရှိရင် သူ့ရဲ့ အပြင်အဆင် အခြယ်အသ၊ နောက်တော့ ဝတ်စားဆင်ယင်မှု အားလုံးက ပတ်သက်သွားတာပေါ့။ အဓိကက ကိုယ်ကိုယ်ကိုယ် confident ရှိဖို့က အရမ်းအရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲလှတယ်လို့ ထင်ထားတယ်ဆိုရင် သူက အမြဲ confident ရှိပြီး smart ကျနေမှာပဲ။
၎. မိမိဝင်ငွေနည်းများပေါ် မူတည်ပြီး ကိုယ့်စိတ်ကြိုက် ဒီဇိုင်းဖန်တီးနိုင်ခြင်း
အဓိကဝင်ငွေနဲ့လည်း ဆိုင်တယ်။ ကိုယ်က ဝင်ငွေအရမ်းကောင်းနေတယ် ဆိုရင်တော့ ထင်ရာလုပ်နိုင်တယ်ပေါ့။ သူ့အနေနဲ့ ဒါကို စိတ်ကြိုက်သုံးဖြုန်းနိုင်မယ်ဆိုရင် ဘာမှ မစဉ်းစားဘဲ လုပ်နိုင်တာပေါ့။ အဲဒီလူတွေ အတွက်ကတော့ အရေးမကြီးဘူးပေါ့။
ဒါပေမဲ့ ကိုယ့်ရဲ့ဝင်ငွေနဲ့ တိုင်းပြီး သုံးတဲ့ သူတွေ အတွက်ကတော့ နည်းနည်း စဉ်းစားဖို့ လိုပါပြီ။ ဒီအရာသည် ကိုယ်နဲ့ လိုက်ဖက်တဲ့အရောင်၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းတစ်ခု၊ ကိုယ့်ကို စိတ်ကြိုက်ဖန်တီး ပေးနိုင်မယ့် ဒီဇိုင်နာ စသဖြင့် ရွေးတတ် ရတော့မယ်။
အဲဒီ ဒီဇိုင်နာက နာမည်ကြီးတာနဲ့အမျှ အလုပ်တွေများမယ်။ အလုပ်တွေ များတာနဲ့အမျှ သူ့ရဲ့လုပ်ပေးရမယ့် တန်ဖိုးတွေက မြင့်သွားမယ်လေ။ အဲဒီတော့ ကိုယ့်နဲ့ နီးစပ်ပတ်သက်ရာမှာ ချုပ်လုပ်ပေးနိုင်မယ့်သူတွေ အများကြီးရှိမှာပဲလေ။ သူတို့ကို ကိုယ့်ရဲ့ စိတ်ကြိုက်ဖြစ်နိုင်မယ့် ဒီဇိုင်းတစ်ခုကို ဖန်တီးပေးနိုင်မယ့်သူလားဆိုတာ အကဲခတ်တတ်ရမယ်။
အိုကေသွားမယ်ဆိုရင် ဘယ်ပွဲပဲဖြစ်ဖြစ် ကိုယ်ဝတ်ချင်တဲ့ ပုံစံကို ကိုယ်အပ်နေကျ ဒီဇိုင်နာ စက်ချုပ်သူနဲ့အပ်၊ ပွဲလမ်းသဘင်မှာ ကြော့ကြော့မော့မော့လေး ဝတ်သွားနိုင်မယ်ဆိုရင် အကုန်အကျတွေ မများဘဲနဲ့ လှလှပပလေး ပွဲတက်နိုင်မှာပါ။ ပိတ်စတွေ သုံးထားတာ တန်ဖိုးကြီးနေမှ မဟုတ်ပါဘူး။ ကိုယ့်ကို ချုပ်ပေးတဲ့ ဒီဇိုင်နာက ကိုယ့်ကို သပ်သပ်ရပ်ရပ်နဲ့ ချုပ်ပေးနိုင်မယ် ဆိုရင်တော့ အဆင်ပြေမှာပါ။
၅. သက်သောင့်သက်သာရှိပြီး စိတ်ကြိုက်ဖြစ်သော ဝတ်စုံ ရွေးချယ်ပါ
ကိုယ်ရွေးလိုက်တဲ့ ပုံက ကိုယ့်စိတ်ကြိုက် ဖြစ်နေစေရမယ်။ လှတယ်ဆိုပြီးတော့ ရွေးလိုက်တယ်။ ပြီးတော့မှ ကိုယ့်ဘာသာကိုယ် စိတ်တိုင်းမကျဘူး။ ကိုယ့်ကို ချုပ်ပေးလိုက်တဲ့သူက သိပ်အဆင်မပြေဘူးဆိုရင် ဒီဝတ်စုံက တခြား choice လုပ်စရာ၊ ဥပမာ Plan B လိုမျိုးပေါ့။ နောက်တစ်စုံအတွက်ကို choice လုပ်စရာမရှိဘူးဆိုရင် ပွဲကို သွားတဲ့အခါ ကိုယ့်ကိုကိုယ် မလှဘူးလို့ ခံစားရတယ်လေ။
အဲဒီလိုမျိုး မလှဘူးလို့ ခံစားနေရမှတော့ ဒါကြီးက ကိုယ့်ကို smart မဖြစ်စေတော့ဘူးပေါ့။ ကိုယ့်ကို လူတွေကြားထဲမှာ သိမ်ငယ်နေစေမယ်၊ ရှိုးတိုးရှန့်တန့် ဖြစ်နေစေမယ်လေ။ အဓိကက ကိုယ်ဝတ်ဆင်မယ့် ကိုယ့်ရဲ့ အင်္ကျီသည် ကိုယ့်ကိုယ်ကိုယ် ဝတ်လိုက်တာနဲ့ ကျေနပ်မှု၊ စိတ်တိုင်းကျမှု အပြည့်အဝ ရှိနေစေရမယ်။ အဲဒါဆိုလို့ရှိရင် ဒီလူတစ်ယောက်က တခြားသူရဲ့ ပြောဆိုတာတွေ တခြားကိစ္စတွေ အားလုံးက အလိုလိုနေရင်း လိုက်လျောညီထွေ ဖြစ်သွားတယ်။
၆. ဟန်ချက်ညီဖို့ကလည်း အရေးကြီး ပါတယ်
အဓိကက ကိုယ့်ကိုကိုယ် confident ရှိနေဖို့အတွက်က ဖိနပ်ဆိုရင်လည်း ဝယ်တုန်းကတော့ OK နေတာပေါ့။ တကယ်တမ်း တချို့ နောက်ပိတ်ဖိနပ်တွေဆို ဖိနပ်က လမ်းလျှောက်လိုက်ရင် ချောင်ပြီး ကျွတ်ထွက် လာတာမျိုးပေါ့။ ဒေါက်ဆိုရင်လည်း ဒေါက်က balance မညီဘဲနဲ့ ဖြစ်နေတာမျိုး အပေါစားဆန်တဲ့ ဖိနပ်တွေမှာ ဖြစ်တတ်တယ်လေ။ အဲဒီတော့ တကယ်တမ်းလည်း လျှောက်ရော မညီမညာတွေဖြစ်ရော အမျိုးသမီး တစ်ယောက် ပုံစံကျဖို့ဆိုရင် ဖိနပ်ကလည်း အရေးပါတယ်။ ဒါမှ ဟန်ချက်ညီညီနဲ့ smart ကျကျဖြစ်မှာပေါ့။
၇. ဟန်ဆောင်မှုတွေ အတတ်နိုင်ဆုံး လျှော့ပါ
ကိုယ်သည် အရိုးသားဆုံး၊ အဖြူစင်ဆုံးဖြစ်အောင် နေနိုင်ရမယ်။ အဲဒီတစ်ချက်က အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်နေမယ်ဆိုရင် ဟန်ဆောင်မှုတွေ၊ လိမ်ညာမှုတွေ များနေမယ်၊ မျက်နှာမှာ ပေါ်လွင်နေမယ်။ ပွဲလမ်းသဘင် သွားတဲ့အခါ ကိုယ့်ကို သတိထားမိနေတဲ့သူလည်း ရှိမယ်။ ကိုယ့်ကို ဟိုးအရင်ကတည်းက သိခဲ့တဲ့ သူလည်းရှိမယ်။ အဲဒီအခါမှာ ကိုယ့်ကို ဟိုးအရင်ကတည်းက သိခဲ့တဲ့ လူတစ်ယောက်က . . .ဟယ် . . . ဒီတစ်ယောက်က ဟန်ဆောင်နေတာပါလား . . . ဆိုတာ သူနဲ့အရင်တုန်းက သိခဲ့တဲ့သူက သိနေပြီပေါ့။ သူ့ကိုတွေ့လိုက်တဲ့အခါမှာ ကိုယ်က သိလိုက်ပြီ ဆိုလို့ရှိရင် ကိုယ့်ရဲ့မျက်နှာကြီးက မလုံမလဲဖြစ်နေပြီ။ ကိုယ့်ရဲ့ စိတ်ဓာတ်သည် ဖြူစင်နေရမယ်။ အရှိကို အရှိတိုင်း လုပ်နိုင်ရမယ်။ နေနိုင်ရမယ်။ ပြီးတော့ ဂုဏ်ပကာသန တွေ ရှိနေတဲ့သူတစ်ယောက် သူ့မှာ မောက်မာနေတဲ့ စိတ်ဓာတ်တွေ အသီးသီး ရှိမနေစေရဘူး။ ဥပမာ . . . မောက်မောက်မာမာတွေ ဖြစ်နေမယ်။ သူ့ကိုယ်သူ အရမ်းကို proud ဖြစ်နေမယ်ဆိုရင် လူကြားထဲမှာ ငါသာလျှင် အလှဆုံး ဖြစ်နေမယ် ဆိုရင်တော့ ဒါက သူ့ကိုကြည့်လိုက်မယ်ဆိုရင် လူတွေက ဘယ်သူမှ ပေါင်းချင်မှာ မဟုတ်တော့ဘူး။ အဲလိုမျိုးပဲ မလုံမလဲ ဖြစ်နေတဲ့ လူတစ်ယောက်ကလည်း ဟန်တွေအရမ်းဆောင်တယ် ဆိုလို့ရှိရင်လည်း ဒီလူတစ်ယောက်ကို လူတွေက မပေါင်းချင်ဘူး။ အဲဒီအခါမှာ သူဟာသူ ဘယ်လိုကြီးတွေပဲ ဝတ်စားဝတ်စား၊ ဘယ်လိုကြီးတွေပဲ လုပ်နေလုပ်နေ လူတွေက ကြဉ်ကြမှာပဲလေ။ အဓိကအချက်က ကိုယ့်ကိုကိုယ် innocent ဖြစ်နေဖို့ အရမ်းအရေးကြီးတယ်။
၈. ကိုယ့်ရဲ့အသက်အရွယ်ပေါ်လိုက်ပြီး ဝတ်ဆင်ပါ
ကိုယ်ဝတ်မယ့် ဝတ်စုံသည် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ဖော်ညွှန်းတယ်လေ။ လူငယ်တွေက လူကြီးဆန်တဲ့ ဝတ်စုံကို ဝတ်လို့ ကျက်သရေရှိသွားတယ်။ ရင့်ရင်လည်း ရင့်သွားမယ်။ ဒါပေမယ့်လည်း အပြင်အဆင် အခြယ်အသနဲ့ ပတ်သက်ပြီး နုနုပျိုပျို ဖြစ်နေမယ်ဆိုရင် ရင်ဖုံးအင်္ကျီတွေ ဝတ်ထားပေမယ့်လည်း မိုက်နေတာပေါ့နော်။ လူကြီးတွေကျတော့ အသက်အပိုင်းအခြား အရ ငယ်တဲ့ ဒီဇိုင်းမျိုးတွေ ဝတ်လိုက်ရင် ကလက်တက်တက် ဖြစ်သွားတယ်။ ရယ်စရာ မောစရာအနေနဲ့ ကျပ်မပြည့်တဲ့ သူတစ်ယောက်အနေနဲ့ အဟားခံရတတ်တာပေါ့နော်။ ပေါ်တင် ဟားတာမျိုး မဟုတ်ဘဲ ကျိတ်ပြီး ပြောကြတာမျိုးပေါ့။ ငါသည် ဒီဝတ်စုံနဲ့ မလိုက်ပါလားဆိုတာ သူ့ကိုယ်သူ သိနေဖို့ လိုတယ်။ အသက် ၅၀ အရွယ်လောက်ရှိတဲ့ အမျိုးသမီးကြီး တစ်ယောက်က ငယ်ရွယ်တဲ့သူ ဝတ်တဲ့ ပုံစံမျိုး၊ ဂါဝန်ပုံစံမျိုး ပွဲတက်တွေ ဝတ်မယ်ဆိုရင် သူနဲ့ ကလက်သွားပြီ။ အတွန့်အတက်အတောင်တွေ ပါမယ့် အင်္ကျီမျိုးဆို သူနဲ့က ကျက်သရေ မရှိတော့ဘူး။ ဝတ်ရင်တော့ ရတာပေါ့။ ဥပမာ လှတော့လှတယ်။ ကျက်သရေမရှိဘူးဆိုတာမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ် အမြဲကြည့်ပါ။ ဘယ်သူကပဲ မြှောက်ပေးမြှောက်ပေး၊ ကိုယ့်ကိုယ်ကိုယ် လှနေတယ်ပဲ ထားဦး၊ ငါမဝတ်သင့်ပါလားဆိုတဲ့ စိတ်နဲ့ထိန်းပါ။ အသက်အရွယ်အလိုက် ဝတ်ဆင်တာ အကောင်းဆုံးပါပဲ။
၉. ရာသီအလိုက် ဝတ်စားဆင်ယင်ပါ
နေပူ၊ မိုးရွာ၊ အေးတာပူတာကို အရင်ကြည့်ရမယ်။ မိုးရွာနေရင် ရေစိုပြီး ချက်ချင်း ခြောက်နိုင်မယ့် အဝတ်အစားမျိုး၊ အေးနေတယ်ဆိုလည်း လုံလုံခြုံခြုံ ဖြစ်စေမယ့် အဝတ်အစားမျိုးကို ထသွားထလာအတွက် ရွေးချယ်သင့်တယ်။ အရမ်းပူနေတဲ့ အချိန်မျိုးမှာ ချည်ထည်လို လေဝင်လေထွက်ကောင်းမယ့် အဝတ်အစားမျိုးကို ရွေးချယ်သင့်ပါတယ်။ ဖိနပ်ဆိုလည်း Slipper လေးတွေ၊ ကြိုးသိုင်းလေးတွေ ဝတ်သင့်တယ်။ ပူနေတဲ့အခါမျိုးမှာ နောက်ပိတ်ဖိနပ်တွေဆိုလည်း အဆင်မပြေနိုင်ဘူးလေ။ အနံ့အသက်အတွက်လည်း မကောင်းဘူး။ ဥပမာ Bus Car တွေ ဘာတွေလှမ်းတက် လိုက်တဲ့အခါမှာလည်း ခြေတစ်လှမ်းစာလှမ်းဖို့ အဆင်ပြေမယ့် အဝတ်အစားမျိုးတွေ ရွေးသင့်တယ်။ ရာသီဥတု အခြေအနေပေါ်မှာ မူတည်ပြီး ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာ ရှိနိုင်မယ့် အဝတ်အစားမျိုးကို ရွေးချယ်သင့်တယ်။
၁၀. တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါ
တစ်ကိုယ်ရေ သန့်ရှင်းမှုကလည်း အရေးပါတယ်။ ဆံပင်မှာဖြစ်စေ၊ ချိုင်း၊ ပါးစပ်က အနံ့အသက်တွေကို အထူးဂရုစိုက် သင့်တယ်။ အဲဒီတော့မှာ သန့်ရှင်းပြီး လူကြားထဲသွားတဲ့အခါ အနံ့တွေ မထွက်တော့ဘူးပေါ့။ အခု ပစ္စည်းတွေကလည်း အရမ်းပေါ ပါတယ်။ ဈေးအကြီးဆုံးကနေ ဈေးအသက်သာဆုံးထိ လူတန်းစေ့ သုံးနိုင်အောင် လုပ်ပေးထားတာ ဆိုတော့ ကိုယ်နဲ့လိုက်ဖက်မယ့် ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် ပစ္စည်းနဲ့ ကိုယ့်ရဲ့အနံ့ကို cover ဖြစ်စေမယ့် ပစ္စည်းတွေကို ရွေးချယ်သုံးသင့်ပါတယ်။
၁၁. ကိုယ်တိုင်လုပ်နိုင်အောင် အရင်ကြိုးစားပါ
အခုခေတ်လူငယ်တွေကို ပြောချင်တာက ကိုယ်ကိုယ်တိုင် ချုပ်နိုင်အောင် အရင်လုပ်ပါ။ သူများကို ခိုင်းတယ်ဆိုတာ နောက်တစ်ဆင့်ပေါ့။ အဓိကသည် ကိုယ်တိုင်တတ်သိ နားလည်အောင် အရင်လုပ်ရမယ် ကိုယ်က လက်မနည်းလား၊ စင်တီမီတာနည်းလား၊ drapping လား၊ pattern cutting လားဆိုတာ လေ့လာမှတ်သားပြီး နားလည်ရမယ်။ အခုခေတ် တွေ့နေရတာက Frame က အဓိကမဟုတ်ဘူး။ အပေါ်မှာ smoking တွေကို အတွန့်တွေ အတက်တွေနဲ့ ဇာတွေအုပ်ပြီး လုပ်ကြတာတော့ ပညာရပ်က သိပ်မပါတော့ဘူး။ လူတိုင်းကြည့်လိုက်ရင် ဒါချည်းပဲ။ တစ်ယောက်ကလည်း တွန့်၊ တစ်ယောက်ကလည်း တွန့်ဆိုတော့ အဲဒီအခါ Frame က အဓိကမဟုတ်တော့ဘူး။ လူတိုင်းက ဒီ frame ကို တတ်သိနားလည်အောင် မလုပ်ချင်ကြတော့ဘူး။ ဒီဇိုင်းကိုပဲ ဦးစားပေးနေကြတယ်။ ဒီဇိုင်းကို ဦးစားပေးသလို ကိုယ့်ရဲ့ cutting ကို ပြသနိုင်မယ့် အထည်တွေကို များများချုပ်ဝတ်ရမယ်။ ဥပမာပေါ့ ရေသူမ အကားတွေ၊ ဒူးဆက်၊ ရင်ဆက်တွေကို အဆင်တန်ဆာ ဘာမှမပါဘဲ ချောမွေ့နေအောင် ဒီ cutting လေးနဲ့ ချုပ်ကြောင်းလေးနဲ့ အဓိက ချုပ်ဝတ်သင့်တယ်။ ဒီဟာပြီးမှသာ အပေါ်က တန်ဆာပလာတွေကို လုပ်ထားသင့်တယ်။ frame ကိုဦးစားပေးတဲ့အခါ နင်လားငါလား ချုပ်ကြရတော့မယ်ဆိုရင် ဗြုတ်စဗျင်းတောင်းတွေ ထွက်လာရော။ အမွှေးတွေ တပ်ထားမယ်၊ ကျောက်စေ့ပုတီးစေ့တွေ အမျိုးစုံတပ်ထားမယ်ဆိုရင် ဒီအင်္ကျီက ငယ်ငယ်တုန်းက သင်္ကြန်ဆို သာကူစေ့တွေ အမွေးတွေနဲ့ ပေါက်ထားသလိုမျိုး ကြည့်လိုက်ရင် ဗြုတ်စဗျင်းတောင်း ဖြစ်နေတဲ့ ပုံစံမျိုးတွေ တွေ့နေရတယ်။ ဒါက သူတို့ကို မတော်ဘူး၊ မတတ်ဘူးလို့ ပြောတာ မဟုတ်ဘူး။ နည်းလမ်းကျအောင် လုပ်ပါ။ cutting ကို ဦးစားပေး၊ ချုပ်ကြောင်း သေသပ်လှပအောင် ဦးစားပေးဖို့ frame တစ်ခုကို နားလည်ဖို့ ပြောတာပါ ဘယ်အင်္ကျီပုံစံက ဘာလဲဆိုတာ အရင်ဆုံး တတ်သိနားလည်အောင် ဝမ်းစာဖြည့်ပါလို့ ပြောချင်ပါတယ်။
၁၂. ဖက်ရှင်ဒီဇိုင်နာတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်
စိတ်ဓာတ်တစ်ခုက အရမ်းအရေးကြီး ပါတယ်။ ကိုယ့်ရဲ့စိတ်ဓာတ်သည် ဖြောင့်မတ်မှန်ကန်ရမယ်။ သူများအပေါ် မလိုမုန်းထား မရှိရဘူး။ ဒါက ဒီဇိုင်နာမှ မဟုတ်ပါဘူး။ လူတိုင်းပေါ့။ ကိုယ်နဲ့လုပ်ငန်း တူတဲ့သူ အချင်းချင်းပဲ ဖြစ်ဖြစ်၊ မတူတဲ့သူပဲ ဖြစ်ဖြစ် ဒီလိုစိတ်မွေးနိုင်ရမယ်။ လူတိုင်း လူတိုင်းက သူ့ထက်ကိုယ်တတ်ထားတာတွေ ရှိမယ့်သူ့လောက်ကို မသိတာတွေလည်း အမျိုးစုံရှိတယ်လေ။ လူတိုင်းက perfect ဖြစ်တယ်ဆိုတာ မရှိတော့ သူက ကိုယ့်ထက်သာ သွားလို့လည်း မျက်နှာမပျက်ရဘူး။ မနာလို မဖြစ်ရဘူး။ ကိုယ်က သူ့ထက်သာနေလို့လည်း pround မဖြစ်ရဘူး။ အဲဒီလိုဆိုရင် လူတိုင်းလူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေးက ရေရှည် အတွက် ကောင်းတာပေါ့။ နောက်ပြီး ကိုယ့်ဆီလာတဲ့ customer ကို နွေးနွေးထွေးထွေး ကြိုဆိုရမယ်။ သူတို့ ဘယ်လောက်ပဲ ချေးများ သည်းခံရမယ်။ ကိုယ့်ဆီလာအပ်တယ် ဆိုတာက သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်လျောညီထွေမယ့် ပုံစံကို လိုချင်လို့သာ ကိုယ့်ဆီတကူးတက လာအပ်တာလေ။ အဲဒီလိုမှ မဟုတ်ရင် ရယ်ဒီမိတ်တွေပဲ ဝယ်ဝတ်မှာပေါ့။ ကိုယ့်ဆီလာအပ်တဲ့အခါ ကိုယ်က သူ့အတွက် အကောင်းဆုံးတစ်ခုကို လုပ်ပေးနိုင်အောင် တတ်မြောက်ထားရမယ်။ အတတ်ပညာရယ်၊ ပြေပြစ်တဲ့ အပြုအမူ အပြောအဆိုရှိရမယ်။ သူတို့မှာ ချေးများပိုင်ခွင့်ရှိတယ်။ အဲဒါကို ကိုယ်က အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းပေးနိုင်ရမယ်။ အဲဒါမှ ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်နိုင်သလို ရေရှည်မှာလည်း ရပ်တည်နိုင်မယ်။










No comments:

Post a Comment